Oral Fixation သို့မဟုတ် ပါးစပ်အငြိမ်မနေနိုင်တဲ့ ရောဂါ
Oral Fixation ဆိုတာ စွဲလမ်းစိတ်ကြောင့် အမြစ်ပျိုးလာတဲ့ စိတ်ခံစားချက်နဲ့ အပြုအမူဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း ပေါင်းစုံမှာ Fixation ဖြစ်နိုင်ပြီး Oral Fixation ကတော့ ပါးစပ်နဲ့ခံတွင်းမှာ စွဲလမ်းစိတ်သွားဖြစ်ပါတယ်။ ဒီအခါ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို လုပ်လာတတ်ပြီး၊ ကိုယ့်ဦးနှောက်က တွန်းပို့နေတဲ့အရာတွေကို မလုပ်ဆောင်တဲ့အခါ စိတ်ထဲမှာ ယားယံသလို၊ အလိုမကျသလို၊ စိုးရိမ်ပူပန်ပြီး တစ်ခုခု လိုအပ်နေသလို၊ မှားယွင်းနေသလို ခံစားချက်မျိုးတွေ ဖြစ်စေပါတယ်။
စွဲလမ်းစိတ်နဲ့ အပြုအမူပိုင်းဆိုင်ရာ ဆက်စပ်ပြဿနာတွေမှာ အဆင့် (၅) ဆင့်ရှိပြီး…
၁။ ပထမအဆင့် (မွေးကင်းစမှ အသက် ၁၈ လ အထိ) – Oral Stage
ဒီအဆင့်မှာ ကလေးတွေဟာ သူတို့ရဲ့ပါးစပ်နေရာအပေါ် စွဲလမ်းစိတ်ကြောင့် ဖြစ်လာပြီး တစ်ခုခုကို မစုပ်ရမနေနိုင် ဖြစ်လာတတ်ပါတယ်။ ဒီအကျင့်ကို မဖျောက်နိုင်ဘဲ အသက်ကြီးတဲ့အထိ ပါလာတယ်ဆိုရင်တော့ ပါးစပ်နဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေကို လုပ်လာတတ်ပါတယ်။
၂။ ဒုတိယအဆင့် (အသက် ၁၈ လမှ အသက် ၃ နှစ်အထိ) – Anal Stage
မွေးကင်းစကလေးတွေရဲ့ သူတို့ရဲ့စအိုကို ညှစ်ပြီး ဝမ်းမသွားအောင် ထိန်းသွားရတဲ့ခံစားချက်ကို အလွန်အမင်းကြိုက်နှစ်သက်ပြီး စွဲလမ်းစိတ်ဖြစ်သွားတတ်ပါတယ်။ ကလေးတွေရဲ့ ဆီး၊ ဝမ်းသွားမှုလေ့ကျင့်တဲ့နေရာမှာ မိဘတွေရဲ့ တင်းကြပ်ပုံပေါ် မူတည်ပြီး အသက်ကြီးလာတဲ့အခါ ထိန်းချုပ်မှုပိုင်းဆိုင်ရာမှာ ပြဿနာဖြစ်လာတတ်ပါတယ်။
၃။ တတိယအဆင့် (အသက် ၃ နှစ်မှ အသက် ၅ နှစ်အထိ) – Phallic Stage
ကလေးတွေရဲ့ စိတ်ပျော်ရွှင်မှုနဲ့ သာယာမှုအနေနဲ့ ကိုယ့်ရဲ့လိင်အင်္ဂါကို ထိတွေ့ကိုင်တွယ်နေတတ်တဲ့ အဆင့်ဖြစ်ပါတယ်။
၄။ စတုတ္ထအဆင့် (အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ) – Latency Period
ကလေးတစ်ယောက်ရဲ့ ဆန့်ကျင်ဘက်လိင်အပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုဟာ အုတ်မြစ်တွယ်လာပြီး လိင်တူတဲ့အခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံလိုစိတ် ပိုများလာတတ်တဲ့ အဆင့်ဖြစ်ပါတယ်။
၅။ ပဉ္စမအဆင့် (အသက် ၁၂ နှစ်မှ အရွယ်ရောက်သည်အထိ) – Genital Stage
ကြီးကောင်ဝင်စအရွယ်ရဲ့ အစပထမမှာ ဖြစ်လာတတ်တဲ့ အဆင့်ဖြစ်ပြီး လိင်အင်္ဂါတွေအပေါ် စွဲလမ်းစိတ်နဲ့ လိင်စိတ်ဖြစ်လာပြီး ကိုယ့်ရဲ့လိင်စိတ်တိမ်းညွှတ်မှုအရ ဆန့်ကျင်ဘက်လိင် သို့မဟုတ် လိင်တူအင်္ဂါတွေအပေါ် စိတ်ဝင်စားမှုပိုဖြစ်လာပါတယ်။
Oral Fixation ဟာ ပထမဆုံးအဆင့်မှာကတည်းက စဖြစ်လာတတ်ပြီး သူတို့ရဲ့ပါးစပ်ကို အသုံးပြုလို့ သာယာမှု၊ စိတ်ပျော်ရွှင်မှုတွေကို ရှာတတ်ပါတယ်။ ကလေးအရွယ်မှာတော့
- လက်မစုပ်တာ
- လက်သည်းကိုက်တာ
- ရေခဲဝါးတာ
- လက်ချောင်းတွေကို ပါးစပ်ထဲထည့်တာ
- ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေကို ကိုက်ဝါးချင်တာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
အသက်ကြီးလာတဲ့အထိ ဒီအပြုအမူတွေကို ဖြစ်စေတဲ့ စိတ်ကျန်းမာရေးပြဿနာကို ကုသနိုင်ခြင်းမရှိဘူးဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့
- အရက်အလွန်အကျွံ သောက်ချင်လာတာ
- ဆေးလိပ်မကြာခဏ သောက်ချင်တာ
- မုန့်တစ်ခုခု မစားရရင် မနေနိုင်တာ
- လက်သည်းကို အသက်ကြီးတဲ့အထိ ဆက်ကိုက်နေတာ
- ရေခဲအပြင် တခြားပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေကို ကိုက်ဝါးတာ၊ စားတာ၊ ခဲထားချင်တာ စတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။
ဒီအကျင့်ကို သေချာထိန်းချုပ်ကုသနိုင်ခြင်းမရှိဘူးဆိုရင် ကလေးဘဝမှာကတည်းက အသက်ကြီးတဲ့အထိ အမြစ်ပျိုးလာတတ်ပြီး ကိုယ့်ရဲ့သွားနဲ့ခံတွင်းကို ကောင်းစွာ ဒုက္ခပေးနိုင်တဲ့အပြင် ရောဂါတွေ ဖြစ်လာနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် ကိုယ့်သားသမီးမှာ ဒီလိုပြဿနာရှိတယ်လို့ သံသယဖြစ်တယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြသပြီး ကုသဖို့ လိုအပ်ပါတယ်။
ရဲမျိုးမြတ်